မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊ ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့် တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consortium နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ
နိဒါန်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အုပ်ချုပ်မှု အောက်ရှိ ရန်ကုန်ဆိပ်ကမ်းနှင့် ပြင်ပဆိပ်ကမ်း(၈)ခုတို့မှာ မြစ်တွင်းဆိပ်ကမ်းများဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံတော်၏ ပို့ကုန်သွင်းကုန် ၈၅% ကျော်ကို ကိုင်တွယ်ပေးလျက်ရှိသော အဓိကဆိပ်ကမ်းတစ်ခုဖြစ်ပြီး၊ ဆိပ်ကမ်းသို့ ဝင်/ထွက် ဆိုက်ကပ်နိုင်သည့် သင်္ဘောအရွယ်အစားမှာ တန်ချိန် ၁၅၀၀၀၊ သင်္ဘောအလျား ၁၆၇ မီတာနှင့် ရေစူး ၉ မီတာအထိ ခွင့်ပြုနိုင်ပါသည်။
၂။ ခေတ်နှင့်အညီ တိုးတက်များပြားလာသော ပင်လယ်ရေကြောင်း ပို့ကုန်/သွင်းကုန်များကို နိုင်နင်းစွာ ကိုင်တွယ်သွားနိုင်ရန်နှင့် ခေတ်နှင့်လိုက်လျောညီထွေ တည်ဆောက်အသုံးပြုလာသော အရွယ်အစားကြီးမားသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်အသုံးပြုနိုင်ရန် ရေနက် ဆိပ်ကမ်းများကို နိုင်ငံတော်၏ ကမ်းရိုးတန်းတစ်လျှောက် တည်ဆောက်သွားရန် လိုအပ်လာပါ သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း
၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေဒေသများအနက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် မဒဲကျွန်းရေဒေသသည် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် အလားအလာ အကောင်းဆုံးဒေသဖြစ်ပါသည်။ အဆိုပါရေဒေသသည် ပင်လယ်ပြင်မှ အတွင်းပိုင်းတွင် ကျရောက် သဖြင့် ပင်လယ်လှိုင်းဒဏ်၊ လေဒဏ်တို့မှ သဘာ၀အတိုင်း အကာအကွယ်ရရှိသောနေရာဖြစ်ခြင်း၊ ရေစူးများသော ကုန်သင်္ဘောကြီးများ အချိန်မရွေး ဝင်/ထွက်ရပ်နားနိုင်သည့် ရေနက်ရေလမ်း ကြောင်းရှိခြင်း၊ သင်္ဘောလှည့်ပတ်ရန်နှင့် ကျောက်ချရပ်နားရန်အတွက် လုံလောက်သော အကျယ် အဝန်းရှိခြင်း၊ ကျောထောက်နောက်ခံမြေရှိခြင်းတို့ကြောင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် အကောင်းဆုံးဖြစ်ပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း
၄။ ကျောက်ဖြူရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးလုပ်ငန်းအပါအဝင် ကျောက်ဖြူအထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုကော်မတီကို ၁၃-၁-၂၀၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
၅။ တင်ဒါခေါ်ယူရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ (Bid Evaluation and Awarding Committee) ကို နိုင်ငံတော်သမ္မတရုံး၏ (၁၇-၈-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၁၂ (၂)/၈/သမ္မတရုံး) ရည်ညွှန်းစာဖြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံအများစုပါဝင်သော အသိပညာရှင် အတတ် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၆။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တည်ဆောက်အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ ရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ(BEAC)မှ Port Package ၊ Industrial Package နှင့် Residential Package များအတွက် ၂၄–၁၁–၂၀၁၄ ရက်နေ့တွင် နိုင်ငံတကာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ပါသည်။
၇။ ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဌမနေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နယ်နိမိတ်ကို အတည်ပြုကြေငြာခဲ့ပြီး ၃၀-၁၂-၂၀၁၅ ရက်နေ့တွင် BEAC မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် ရင်းနှီးတည်ဆောက်သူ (Developer) အဖြစ် CITIC Consortium အဖွဲ့အား အတည်ပြု သတ်မှတ်ခဲ့ပါသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
၈။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ပါ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် Port Services Agreement (မူကြမ်း)အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတို့အကြား ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ၎င်း အသေးစိတ်ဆွေးနွေးချက်များမှ ရရှိလာသော Framework Agreement ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် CITIC တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး Feasibility Study ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
၉။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ပါ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် Concession Agreement ကို ၂၀၁၉ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်CITIC Consortium အဖွဲ့ တို့ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး Concession Agreement အား လက်မှတ်ရေးထိုးနိုင်ရန် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ပြထားပါသည်။